Myanmar Business Laws ဆောင်းပါးများ ကနဦးလုပ်ငန်းတည်ထောင်သူများအကြားက မူပိုင်ခွင့်ဆိုင်ရာ နားလည်မှုအလွဲအမှားများ

ကနဦးလုပ်ငန်းတည်ထောင်သူများအကြားက မူပိုင်ခွင့်ဆိုင်ရာ နားလည်မှုအလွဲအမှားများ

မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများသည် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အသိဉာဏ် တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဌာန်းသည့် ဥပဒေများဖြစ်သည်။ ဥပဒေများ မပြဌာန်းမီက စီးပွားရေးနယ်ပယ်တွင် မိမိတို့၏ စီးပွားရေး လုပ်ငန်းများ၊ ထုတ်ကုန်များ၊ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများကို သူတစ်ပါးက ပုံတူကူးချခြင်း၊ ဆင်တူယိုးမှားဆောင်ရွက်ခြင်းစသည့် မူပိုင်ခွင့်အခွင့်အရေး ချိုးဖောက်ခံရသည့် အန္တရာယ်များကို အင်္ဂလိပ်ခေတ်ကတည်းက ပြဌာန်းထားသော ပြစ်မှုဆိုင်ရာဥပဒေ၊ စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ စသည်ဖြင့်သာ အကာအကွယ် ယူခဲ့ကြရသည်။

ယခုအခါ ကိုယ်ပိုင်အသိဉာဏ်တီထွင်ဖန်တီးမှုများကို အကာအကွယ် ပေး နိုင်ရန် အတွက် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ထိုဥပဒေများမှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေတို့ ဖြစ်ပါသည်။ မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို ထိန်းကျောင်း အကောင်အထည် ဖော်မည့် အဖွဲ့အစည်းအား ဖွဲ့စည်းပြင်ဆင်ရန်နှင့် လိုအပ်သော နည်းဥပဒေများ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပြီးပါက ဥပဒေ အာဏာသက်ဝင်လာမည်ဖြစ်ပါသည်။

ထို့ကြောင့်  စီးပွားရေးလုပ်ငန်းရှင်ငယ်များအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ နှင့်ပတ်သက်၍ အမှားများကိုရှောင်နိုင်ရန် မူပိုင်ခွင့်ဥပဒေများကို နားလည် သဘောပေါက်ထားရန် လိုအပ်မည် ဖြစ်ပါသည်။ သို့ရာတွင် ယခုဆောင်းပါးဖြင့် အဆိုပါဥပဒေများ အားလုံးကို ပြည့်ပြည့်စုံစုံ သုံးသပ်တင်ပြခြင်းမျိုး မဟုတ်ဘဲ အကြောင်းအရာ တစ်ခုချင်းစီအလိုက် ဆုံးဖြတ်လုပ်ဆောင်ရန် လိုအပ်သည့်အခါများတွင် စီးပွားရေး လုပ်ငန်းတည်ထောင်ခါစ လုပ်ငန်းရှင်များအကြား မူပိုင်ခွင့်ဆိုင်ရာ နားလည်မှု အလွဲအမှားများကို သိရှိနားလည်ပြီး ဗဟုသုတရရှိစေရန်အတွက် ရှင်းလင်းတင်ပြသွားရန်သာ ရည်ရွယ်ပါသည်။

 ၁။ မူပိုင်ခွင့်အမျိုးအစားအားလုံးကိုဖြစ်စေ၊ တစ်မျိုးထဲကို ဖြစ်စေ မှတ်ပုံတင်လိုခြင်း

ထုတ်ကုန်ပစ္စည်းကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စာပေနှင့်အနုပညာဆိုင်ရာ မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့် စသည်အားလုံးကို လုပ်ငန်း တည်ထောင်ခါစပုဂ္ဂိုလ်များအနေဖြင့် ဆောင်ရွက်ရန် မလိုအပ်ပါ။  သက်ဆိုင်ရာ ဥပဒေများတွင် ဖော်ပြချက်များအရ တီထွင်မှုမူပိုင်ခွင့်ဆိုသည်မှာ တိကျစွာ သတ်မှတ် ပေးထားသည့် ကာလအတွင်း နည်းပညာနယ်ပယ်တစ်ခုမှာရှိသော ထုတ်ကုန်တစ်ခု၊ ဒါမှမဟုတ် ထုတ်လုပ်မှု ဖြစ်စဉ် တစ်ခုကို တီထွင်ထားသူအား အခွင့်အရေး သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။ စက်မှုလက်မှုထုတ်ကုန်၏ အပြင်ပန်းပုံသဏ္ဍန်း၏ အလှအပ သွင်ပြင်လက္ခဏာ ပေါ်ထွက်လာစေ နိုင်မှုကို စက်မှုဒီဇိုင်းမူပိုင်ခွင့်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုသည်မှာ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်းများကို အခြားသော လုပ်ငန်းများ၏ ကုန်ပစ္စည်းများနှင့် ခွဲခြားမှုရှိစေရန်တီထွင်ဖန်းတီးထားသော အမှတ်တံဆိပ် အပေါ် အသိအမှတ်ပြုထားခြင်း ဖြစ်ပါသည်။

အဆိုတော်၊ တေးရေးဆရာနှင့် စာရေးဆရာများအတွက် စာပေနှင့်အနုပညာ ဆိုင်ရာ မူပိုင်ခွင့်ကိုရရှိစေနိုင်သလို ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ အတွက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့် များကို လျှောက်ထားရယူစေနိုင်ခြင်း ဖြစ်ပါသည်။

မူပိုင်ခွင့်အခွင့်အရေးအမျိုးအစားများအား ခွဲခြား၍ လိုအပ်သလို မှတ်ပုံတင်ခြင်း အတွက် မြင်သာသည့် ဥပမာနမူနာ ပြရမည် ဆိုပါက လူတိုင်းလိုလို သုံးစွဲနေကြသော လက်ကိုင်ဖုန်းတစ်လုံးကိုကြည့်ရှုပါက ပိုမိုရှင်းလင်းနားလည် နိုင်ပါသည်။ လက်ကိုင်ဖုန်း ကို ကိုင်တွယ်ရလွယ်ကူအောင်ဖြစ်စေ၊ လက်ဖြင့် ကိုင်တွယ် ထားစဉ် အပူစီးဆင်းမှု နည်းပါးအောင် အသုံးပြုသည့် သတ္တူအမျိုးအစားကို ဖြစ်စေ ဖန်တီးထားသော အပြင်ပန်း သွင်ပြင် လက္ခဏာထူးခြားမှုကို စက်မှုဒီဇိုင်းမူပိုင်ခွင့်အဖြစ်လည်းကောင်း၊ လက်ကိုင်ဖုန်းကို အသုံးပြုသူ၏လက်ဗွေရာစနစ်ဖြင့်ဖွင့်ခြင်း သို့မဟုတ် ခလုတ်ကို လက်ဖြင့်ဖိ၍ ဖွင့်ခြင်း သို့မဟုတ် ဖန်ပြင်ကို လက်ဖြင့် ပွတ်၍ ဖွင့်ခြင်း စသည့်တီထွင်မှုကို တီထွင်မှုမူပိုင်ခွင့်အဖြစ် လည်းကောင်း၊ ဖုန်းအပလီကေးရှင်းများကို စာပေနှင့် အနုပညာဆိုင်ရာ မူပိုင်ခွင့်အဖြစ်လည်းကောင်း၊ လက်ကိုင်ဖုန်း၏ မြင်သာသောနေရာတွင် ဖော်ပြထားသော အမှတ်အသားကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အဖြစ်လည်းကောင်း မှတ်ပုံတင်နိုင်ပါသည်။ ဆိုလိုသည်မှာ ထုတ်ကုန်တစ်ခုခြင်းစီ၏ အခြေအနေပေါ်မူတည်၍ မူပိုင်ခွင့်အခွင့်အရေးကို ရရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကနဦးလုပ်ငန်း တည်ထောင်သူ အနေဖြင့် မိမိ၏ထုတ်ကုန်အတွက် အမှန်တကယ်လိုအပ်သော မူပိုင်ခွင့်အမျိုးအစားကို ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂။ မိမိတည်ထောင်မည့်လုပ်ငန်း၏အမည်သည် အခြားသုံးစွဲသူများ ကြိုတင်ရှိနေမည်ကို စိုးရိမ်ခြင်း

မိမိတို့၏ကုန်ပစ္စည်းအမည်၊ လုပ်ငန်းအမည်သည် မိမိထက်အရင် အခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ကုန်ပစ္စည်းအမည်နှင့် လုပ်ငန်းအမည်များ တူညီနေ မည်ကို လုပ်ငန်းရှင်ငယ်များအနေဖြင့် စိုးရိမ်ကြခြင်းမျိုး ဖြစ်ပါသည်။ ထို့အတွက် အထူး စိုးရိမ်နေရန်မလိုအပ်ပါ။လုပ်ငန်းအမည်တူများ ရှိ၊မရှိအတွက် www.myco.dica.gov.mm တွင်ရှာဖွေကြည့်ရှုနိုင်ပါသည်။ထို့ပြင်အင်တာနက်ရှာဖွေရေးအင်ဂျင်များ အသုံးပြု၍လည်း ကုန်ပစ္စည်းအမည်တူများ ရှိ၊မရှိ ရှာဖွေလေ့လာနိုင်ပါသည်။

စီးပွားရေးလုပ်ငန်းရှင်ငယ် အသုံးပြုသော ကုန်အမှတ်တံဆိပ်သည် အခြားသော ‌ဈေးကွက်ရှိ ကုန်အမှတ်တံဆိပ်နှင့် ကုန်ပစ္စည်း အမျိုးအစား တူညီမှုမရှိစေရန် သာလိုအပ်ပါသည်။ မိမိတို့နိုင်ငံထက် မူပိုင်ခွင့်ဥပဒေများပိုမိုခိုင်မာအားကောင်းပြီး ဖြစ်သော အာဆီယံနိုင်ငံများ တွင်လည်း ကုန်ပစ္စည်းအမည် လုပ်ငန်းအမည်တူ များစွာသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ရရှိကြပါသည်။ ဥပမာအားဖြင့် Tiger ကုန်အမှတ် တံဆိပ်ရှိသည့် နို့ဘီစကစ်၊ Tiger အားကစားဖိနပ်၊ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊စင်ကာပူနိုင်ငံများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုသည့် Tiger ကုန်အမှတ်တံဆိပ်ရှိသည့် ပရုတ်ဆီ၊ ထို့အပြင် Tiger ဘီယာတို့ဖြစ်ကြပါသည်။

၃။ ( ©)(™ )စသည့် သင်္ကေတ အမှတ်အသားမပါသော ကုန်အမှတ်သည် မှတ်ပုံတင် မထားသော အမှတ်အသားဖြစ်သည်ဟု ယူဆခြင်း

အဆိုပါသင်္ကေတများသည် စားသုံးသူများနှင့် စီပွားရေး လုပ်ငန်းရှင်ငယ်များ အကြား ရင်နှီးမှု ရှိပြီးဖြစ်သည့် သင်္ကေတများ ဖြစ်ကြပါသည်။ သို့ရာတွင် မူပိုင်ခွင့်ဥပဒေများတွင် အဆိုပါသင်္ကေတများနှင့် စပ်လျဉ်း၍ အတိအကျ ဖော်ပြချက် မတွေ့ရှိပါ။ ထို့ကြောင့် အဆိုပါ သင်္ကေတများ ကို ကုန်အမှတ်တံဆိပ်နှင့်အတူ ဖော်ပြထားခြင်း၊ မဖော်ပြထားခြင်းသည် ဥပဒေနှင့်အညီ တရားဝင် မူပိုင်ခွင့် ရရှိခြင်း၊ မရရှိခြင်းနှင့် ပတ်သက်မှု မရှိပါကြောင်း သိရှိစေလိုပါသည်။

၄။ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများသည် ကနဦးလုပ်ငန်းတည်ထောင်သူများအတွက် စျေးကြီးလွန်းသည် ဟူသော ယူဆချက်

လုပ်ငန်းတစ်ခု စတင်ရာတွင် မြေ၊ အဆောက်အအုံ၊ စက်ပစ္စည်းနှင့် ရုံးသုံး ပရိဘောက စသည့် တန်ဖိုးအထိုက်အလျောက်ရှိသည့် ပစ္စည်းများစုဆောင်း ထားရှိရသည် ဖြစ်ပါသည်။ ထို့အတူ လုပ်ငန်းရှင်ငယ်၏ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဖန်းတီးမှုကို တစ်ပါးသူက ခိုးယူသုံးစွဲခြင်း မပြုနိုင်အောင် ငွေးကြေးတစ်ချို့သုံးစွဲ၍ မူပိုင်ခွင့် အခွင့်အရေးကို ရယူရမည် ဖြစ်ပါသည်။ မူပိုင်ခွင့်အခွင့်အရေးသည်လည်း  မဖြစ်မနေ စုဆောင်း ရမည်သာ ဖြစ်သည်ကို လုပ်ငန်းရှင်ငယ်များအနေဖြင့် ကောင်းစွာသိရှိထားသင့် ပါသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၃၄အရ အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားသည့် နေ့မှ ၁၀နှစ် အထိ ရရှိမည် ဖြစ်ပြီး၊ သက်တမ်းတိုး ၁ကြိမ်ကို ၁၀နှစ်အထိ မူပိုင်ခွင့်အခွင့်အရေးကို လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၄၂အရ စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားသည့် နေ့မှ စ၍ ၅နှစ်အထိ မူပိုင်ခွင့် ရရှိမည် ဖြစ်ပြီး၊ သက်တမ်းတိုး ၁ကြိမ်ကို ၅နှစ်စီဖြင့် ၂ကြိမ် သက်တမ်းတိုးနိုင်ခြင်းသည် လည်ကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၄၇အရ လျှောက်ထားတင်သွင်းသည့်နေ့မှ စ၍ နှစ် ၂၀ထိ လည်းကောင်း စသည်ဖြင့် မူပိုင်ခွင့် အခွင့်အရေးများကို လုပ်ငန်းရှင်ငယ်အနေဖြင့် ရနိုင်သည်ဆိုသည့်အချက်ကို စဉ်းစားသင့်ပါကြောင်း အကြံပြုလိုပါသည်။

 ၅။ မူပိုင်ခွင့်အခွင့်အရေးများနှင့် အလုပ်သမားခန့်ထားခြင်းစာချုပ် ဆက်စပ်မှုမရှိဘူးဟု ယူဆခြင်း

တည်ထောင်ခါစလုပ်ငန်းငယ်များသည် ယေဘုယျအားဖြင့် အချင်းချင်း စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် စာချုပ်စာတမ်းအခိုင်အမာချုပ်ဆို၍ လုပ်ကိုင်ခြင်းမျိုး နည်းပါးကြကြောင်း လေ့လာသိရှိရပါသည်။ ထို့အတူ လုပ်ငန်းရှင်ငယ်နှင့် အလုပ်သမားများ အကြားတွင်လည်း အလုပ်သမားခန့်ထားခြင်း စာချုပ်ချုပ်ဆိုမှု နည်းပါးကြကြောင်း လေ့လာသိရှိရပါသည်။

ဥပမာအားဖြင့် လုပ်ငန်းရှင်ငယ်သည် လိုအပ်သော လိုဂိုတစ်ခုအတွက် ဂရပ်ဖစ် ဒီဇိုင်းနာထံတွင် အခကြေးငွေပေးအပ်၍ ပုံဆွဲစေသည့်အခါ ရရှိလာသော လိုဂိုကို ပုံဆွဲအပ်သူ လုပ်ငန်းရှင်ငယ်ကသာ ရရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် အလုပ်သမား ခန့်ထားခြင်းဆိုင်ရာသဘောတူညီချက်သည် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးအတွက် အရေးကြီးကြောင်းကို တီထွင်မှုဆိုင်ရာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၁၇တွင် ဖော်ပြထားပါသည်။ ပြဌာန်းချက် အပြည့်အစုံမှာ ‘အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် အရဖြစ်စေ၊ ယင်းသဘောတူညီချက်၏ အကျိုးဆက်အရ ဖြစ်စေ တီထွင်မှုတစ်ခုကိုပြုလုပ်ရာတွင်- (က) အလုပ်သမားက တီထွင်မှုတစ်ခုကို ပြုလုပ်သည့် တိုင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက အလုပ်ရှင်ကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့် ရှိသည်။ (ခ) တီထွင်မှုကို ပြုလုပ်ပြီးကြောင်း အလုပ်သမားက အလုပ်ရှင်ထံစာဖြင့် ဆက်သွယ်အကြောင်းကြား သည့်နေ့မှ ခြောက်လအတွင်း အဆိုပါတီထွင်မှုကို အလုပ်ရှင်က လျှောက်ထားရန် အခွင့်အရေးကို ပျက်ကွက်ခဲ့လျှင် စွန့်လွှတ်ပြီးဖြစ်သည်ဟုမှတ်ယူပြီး အလုပ်သမားသည် ယင်းတီထွင်မှု မူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။ (ဂ) အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် ကုန်ဆုံးပြီးနောက် တစ်နှစ်အတွင်းပြုလုပ်သည့် တီထွင်မှုကို တီထွင်မှုမူပိုင်ခွင့် လျှောက်ထားရာတွင် အဆိုပါ တီထွင်မှုသည် ယခင်အလုပ်ရှင်၏ လုပ်ငန်းနယ်ပယ်အတွင်း ယင်း၏ အလုပ်သမားက ပြုလုပ်ရရှိသည့် တီထွင်မှုဖြစ်လျှင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အပြင် အလုပ်သမားက ဆန့်ကျင်ကွဲလွဲသည့် သက်သေခံ အထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုန်ဆုံးပြီးသော အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်အရ ပြုလုပ်ခဲ့သည့် တီထွင်မှုဖြစ်သည်ဟုမှတ်ယူပြီး ယခင် အလုပ်ရှင်က အဆိုပါ တီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။ သို့ရာတွင် အောက်ပါအခြေအနေ တစ်ရပ်ရပ်၌ အလုပ်သမားကသာ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခွင့်ရှိသည်-(၁) ယခင်အလုပ်ရှင်က အဆိုပါတီထွင်မှုအပေါ် လျှောက်ထားမှုမရှိကြောင်း သဘောတူညီခြင်း၊ (၂) အလုပ်သမားက တင်ပြသည့် သက်သေခံအထောက် အထား အပေါ် ယခင်အလုပ်ရှင်က ငြင်းဆိုမှု မပြုနိုင်ခြင်း၊ (၃) ပုဒ်မခွဲ (ခ) အရ ယခင် အလုပ်ရှင်က မှတ်ပုံတင်လျှောက်ထားရန် ပျက်ကွက်သဖြင့် အလုပ်သမားက လျှောက်ထားခြင်း။ (ဃ) အလုပ်ရှင်၏ တာဝန်ပေးချက်အရမဟုတ်ဘဲ ယင်း၏ လုပ်ငန်းနယ်ပယ်နှင့် ဆက်နွှယ်နေသော တီထွင်မှုတစ်ခုကို အလုပ်ရှင်၏ပစ္စည်းကိရိယာ၊ အချက်အလက် သို့မဟုတ် နည်းပညာကိုအသုံးပြု၍ အလုပ်သမားက ပြုလုပ်ရာတွင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင် ကွဲလွဲမှုမရှိလျှင် အလုပ်သမားကသာ ယင်းတီထွင်မှုမူပိုင်ခွင့်ကို လျှောက်ထားခွင့်ရှိသည်။ (င) အလုပ်သမားသည် ပုဒ်မခွဲ (က)၊ (ဂ) နှင့် (ဃ) တို့တွင်ဖော်ပြထားသော တီထွင်မှုပြုလုပ်ခြင်း မှတစ်ပါး အခြားသောတီထွင်မှုကို ပြုလုပ်ခဲ့လျှင် အလုပ်အကိုင် ဆိုင်ရာသဘောတူညီချက်ပါ အချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုမရှိလျှင် ယင်းတီထွင်မှု အတွက် တီထွင်မှုမူပိုင်ခွင့်ကို အလုပ်သမားကသာ လျှောက်ထားခွင့် ရှိသည်။’ ဟု အကျယ်တဝင့် ဖော်ပြထားပါသည်။

ထို့ကြောင့် အလုပ်သမားသည် အလုပ်ရှင်၏ညွှန်ကြားမှုနှင့် အလုပ်ခန့်ထားခြင်း သဘောတူညီချက်အရ တီထွင်ဖန်တီးမှုတစ်ခု ဆောင်ရွက်အောင်မြင်ပါက ရရှိလာမည့် တီထွင်မှုဆိုင်ရာမူပိုင်ခွင့်သည် အလုပ်ရှင်ကသာ ရရှိမည် ဖြစ်သည်ဆိုသောအချက်ကို မေ့ထား၍ မရနိုင်ပါဘူး။ ထို့ကြောင့် မူပိုင်ခွင့်အခွင့်အရေးအတွက် အလုပ်သမား ခန့်ထားရေးစာချုပ်များသည် အလွန်အရေးကြီးကြောင်းကို လုပ်ငန်းရှင်ငယ်များ အနေဖြင့် သိရှိထားရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုပါသည်။

သို့ဖြစ်ပါ၍ ကနဦးလုပ်ငန်းတည်ထောင်သူများသည် မြန်မာနိုင်ငံတွင် ပြဌာန်း ကျင့်သုံးလျက်ရှိသော မူပိုင်ခွင့်ဆိုင်ရာဥပဒေများကပေးသည့် တာဝန်နှင့် အခွင့်အရေး များကို သိရှိလိုက်နာဆောင်ရွက်ခြင်းအားဖြင့် ယခင်က သိရှိ နားလည်ခဲ့ ရသည့် အလွဲအမှားများကို ပြင်ဆင်ကာ လမ်းကြောင်းမှန်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချောမွေ့အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း မျှဝေရေးသားလိုက်ရပါသည်။